" အလွမ်းတစ်ပွင့်ခက်စစ် "

|


ဆောင်ဦးပေါက် အိပ်မက်လေး
ဝိုက်ဖြာသက်ဆင်းတော့
ဂွမ်းကပ်စောင်ပါးလေးနဲ့ 
အနွေးဓာတ်ကို ဒဏ်ခတ်
မဆီမဆိုင်နဲ့  . . .
ကောင်မလေးမရှိတဲ့ညတွေမှာ
" အလွမ်း " တွေ ကို အရမ်းငတ်တယ် . . . . .

အိပ်ပျက်တစ်ဆင်ဆာအလင်းဆိုတာက
" အလွမ်းထု " ရဲ့ တေးသီချင်း
ညရေး ညတာအတွက်မတတ်သာလို့ 
လင်းရတဲ့လမင်းကို သနားပေမဲ့
ချစ်ခြင်းရဲ့ မာတိကာမှာ
တိမ်တွေကိုသီ ကြယ်တွေကိုစီပေးချင်သူ . . . . .

ရိုရိုသေသေပြောရရင် . . .
" အလွမ်း " ဆိုတဲ့ခက်စစ်စကားလုံး
ဘ၀မှာစာချုပ်စာတမ်းလို သုံးခဲ့လို့ 
ဘယ်ဣိယကိုမှ မပြုံးစေခဲ့ဘူးတဲ့
မင်းအတွက် ငါ့ နန်းသုံးအက္ခရာတစ်လုံးပါ . . . . .

ရလဒ်အကြွင်းအဖြစ်
အလွမ်းရဲ့  ဒီအဆောင်အယောင်ချီးမြှင့်ခန်းမှာ
ငါကဘာဆုတံဆိပ်မှ မမျှော်မှန်း
ဘယ်သံလွင်ခက်ကိုမှလည်းမခူးနမ်းခဲ့ပေမဲ့
မင်းပြန်အလာပေးမဲ့ ပုဇင်းရှပ်ပျံအနမ်းမှာတော့
သူရဲကောင်းမှတ်တမ်း ၀င်ချင်မိရဲ့ ကွယ် . . . . .

" ပန်းသွန်းကဗျာ "

|




" လရောင်ကို " ကြိုဆိုရတာ
" ဆည်းဆာ " ကို နှုတ်ဆက်ရတာထက်
ပိုအေးမြတယ် . . . . .

ကဗျာစပ်ရတာကတော့
လေထုထက်ပိုလွတ်လပ်ပါတယ် . . . . .

သဘာဝတရားကနေ
စိမ်းလန်းခြင်းတွေပေါက်ဖွားလာမယ် . . . . .

မျှော်လင့်ခြင်းမရှိရင်
ရှင်သန်မှု ခြောက်ပါး
ပျောက်ကွယ်သွားလိမ့်မယ် . . . . .

ရေနွေးလေးကိုစောင့်ရင်း
လေပြေနဲ့  မှေးစက်နေမယ် . . . . .

ဒီလိုနဲ့  . . .
" နွေဦး " ရဲ့ " တေးဆိုသံ " ကို
နှလုံးသားထဲကနေ တို့ တတွေ
ကြားရပါလိမ့်မယ် . . . . .