" ကဗျာဆရာ " ( မွေးနေ့ အမှတ်တရ )

|



အရောင်တွေဝါး ထွက်ပြေးသွားတဲ့
စာရွက်အပိုင်းအစတွေဟာ
ကောင်းကင်တမွတ် ကြယ်စင်ကိုခူးဆွတ်ဖို့ 
ပြင်းအားထိုးသုတ်
ဖော့ဖယောင်း ပိုင်ရှင်တွေကိုမှ
" ကဗျာဆရာ " လုပ်သွားတယ် . . . . .

" ကဗျာဆရာ " ဆိုတာ . . .
သောကကင်းဝေး ငြိမ်းချမ်းရေးအနေနဲ့ 
ခံစားချက်ပေါ်လူးလားပျံသန်း
ဝိုင်ချိုချိုကို အက်ဆစ်လိုနမ်းတတ်ကြတယ် . . . . .

မှော်ဆရာသောက်တဲ့ ခြူးခတ်မီးတောက်ကို
အရိုင်းအိပ်မက်ထဲ ပါးပါးရောယှက်
မိုးကုတ်စက်ဝိုင်းထိ ထိုးထွက်ပြီး
ပန်းကန္တာရထိ စိုလက်စေ
ရင်ခွင်နှလုံးရဲ့  ဘုန်းလက်ရုံးများ
အက္ခရာတွေ ဦးခိုက်
စကားလုံးတွေဒူးတိုက်စေမည် . . . . .

လမင်းအိမ်ထက် ထွန်ယက်ခဲ့တဲ့
ဖြူရှင်းတောက်ပ ပန်သစ္စာအလှလို
ငွေ့ ရည်တိမ်ဖုံး မြူတွေတ၀ုန်းဝုန်း
နွေရင်ခွင်ဆိုရင်လည်း
ပြုံးတတ်အောင်ရုန်းတတ်ကြသူတွေပါဘဲ . . . . .

ကဝေတောမှာမိန်းမောမိမှ
ရနံ့ ချိုချို ပဒိုင်းပန်းနဲ့ 
ပန်းနုရောင် စကားလုံးတံတိုင်းမှာ
နှင်းခါးမိုးက မှိုင်းညှို့ လမ်းခွဲလို့ 
အလွန်းအကြူးမူးလဲ
အသဲတွေလည်းကွဲဘူးသေး . . . . .

မြောက်ပြန်လေရင်ခတ်တုန်းက
ကောင်းကင်ပျိုက " လ " နဲ့  ကြယ်တာရာက " ည "
သိပ်လှကြပေမဲ့ အိပ်မက်တွေမောင်းချလို့ 
အဲလိုနဲ့  . . . ဆောင်းညတွေလည်း
ကုန်လွန်တတ်ကြသေးတယ် . . . . .

ရိုးသားတောက်ပြောင်တဲ့ " ကဗျာဆရာဘ၀ "
ဆန္ဒ နဲ့  ဘ၀ မပြေလည်လိုက်ပုံက
လင်္ကာတောင်ကြား
လောကဓံတရားပေါင်းများစွာ
ဆွေးမြေ့ ကြေကွဲ
ကိုယ့်ကဗျာပေါ် ကိုယ်မူးလဲကြတယ် . . . . .

" ကဗျာဆရာ " ဟာ
ကဗျာကျေးကျွန် သစ္စာတော်ခံတွေမို့ 
ကဗျာဘက်ကရပ်တည်တိုက်ခိုက်
သူတို့ ရင်မှာဓားအစင်းစင်းစိုက်
ဒါပေမဲ့ . . . တခါတလေတော့
သူရဲကောင်း တွေထက်
ပိုလည်းမိုက်တတ်ကြသေးရဲ့ ကွယ် . . . . .

" လေတိုက်ခံတိမ် "

|

ဝေဟင်ထက်က လေပွေတစ်ချက်
ဖြတ်သန်းမှု ခံခဲ့ရတဲ့ 
" လေတိုက်ခံတိမ် " တစ်ပွင့်လိုပေါ့ . . . . .

တံဆိပ်မတပ်ရသေးတဲ့ လေးညှို့ ကို
ကဗျာတစ်ရွက်နဲ့ ကျောက်ချ ပွေ့ ပိုက်
မြှားတစ်စင်းက ရင်မှာစိုက်သွားတယ် . . . . .

မင်းကြောင့်ပါဘဲ
ပန်းကလေးတွေမုန်းထား
တိမ်တိုက်တွေဝေးသွားတောင်
ကိုယ့်နားက လေညှုင်းက
ဘယ်အချိန်ပွင့်သွားလည်းမသိလိုက်ဘူး . . . . .